fbpx

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (ဆရာမှတ်ကြီး)

March 8, 2013

သန်းဝင်းလှိုင်
မတ်လ ၈၊ ၂၀၁၃
ဒေါက်တာဂျွန်အက်ဗင်နီဇာမတ်သည် မင်းတုန်းမင်းတရား၊ သီပေါမင်းတို့နှင့် ရင်းနှီးသော ခရစ်ယာန်ရေဖျန်းဂိုဏ်းမှ သာသနာပြုပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ရာတွင် ဒေါက်တာမတ်သည် ပညာရေးဘက်၌ အထူးအာရုံစိုက်ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် မြန်မာ့ပညာရေးသမိုင်းနှင့် ပို၍ ဆက်စပ်ထင်ရှားနေပေသည်။
စင်စစ်အားဖြင့်လည်း ဒေါက်တာမတ်သည် အစအဦးတွင် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရေဖျန်းဂိုဏ်းမှ စေလွှတ်ချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုစဉ်က မင်းညီမင်းသားများနှင့် ပြည်သူအပေါင်းတို့ က ကြည်ညိုလေးစားခြင်းကို ခံခဲ့ရသော ကျောင်းဆရာကြီးဖြစ်သောကြောင့် ဒေါက်တာမတ်ကို မြန်မာတို့က “ဆရာမှတ်ကြီး” ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။
ဆရာမှတ်သည် ခရစ် ၁၈၃၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်ခဲ့သည်။ ၄င်းသည် ယဟူဒီ (ဂျူး) မျိုးရိုး အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ကျန်းမာရေးမကြာခဏ ချို့ယွင်းလေ့ရှိသော်လည်း (၈၃) နှစ် အရွယ်အထိ အသက်ရှည်သည်။ ငယ်စဉ်က လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထိုကျောင်း၌ပင် စေတနာ့ဝန်ထမ်းကျောင်းဆရာအဖြစ် ဆောင်ရွက်ပြီးနောက် ၀ုလ်မာဟမ္မတန်မြို့၊ ဘာမင်လမ်မြို့နှင့် အိဗရှယ်မြို့ များတွင် ကျောင်းဆရာအဖြစ် ဆက်လက်အမှုထမ်းခဲ့သည်။ ယင်းနောက် တီ၊ အိုဂွတ်ချိုင်းဆိုသူ ဘုန်ကြီးတစ်ပါး၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့အရှေ့မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်အမှုထမ်းရသည်။ ထိုကျောင်းမှ ကျောင်းသားတို့သည် လူပေလူတေကလေးများဖြစ်ကြသော်လည်း ဆရာမှတ်ကြီး၏ ကြိုးပမ်းမှုကြောင့် ဆရာကို ရိုသေလေးစား ရမှန်းသိကာ ယဉ်ကျေးလိမ္မာကျိုးနွံလာခဲ့လေသည်။
၁၈၉၅ ခုနှစ်တွင် ဆရာမှတ်သည် မော်လမြိုင်မြို့၌ အက်စ်ပီဂျီ (S.P.G)ခေါ် ရေဖျန်းခရစ်ယာန်ဂိုဏ်းက ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သုံးနှစ်မျှအမှုထမ်းပြီးနောက် ကာလကတ္တားမြို့မှ ဂိုဏ်းအုပ်ကော့တွန်က ဆရာမှတ်ကို သိက္ခာတင်ဘုန်းတော်ကြီးဖြစ်မြောက်ရေးအတွက် ထိုမြို့ရှိ ဘိရှော့ ကောလိပ်ကျောင်း ဓမ္မပညာကို ဆည်းပူးနိုင်အောင် စီစဉ်ပေးခဲ့လေသည်။ ဆရာမှတ်သည် ကာလကတ္တားမြို့ရှိ ကသီဒရယ်ဘုရား ရှိခိုးကျောင်း၌ ၁၈၆၃ ခုနှစ်တွင် ဘုန်းကြီးအဖြစ်လည်းကောင်း၊ သိက္ခာတင်ချီးမြှင့်ခြင်းကို ခံရလေသည်။
 ဆရာမှတ်သည် မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကလေးသူငယ် ပညာသင်ကြားရေးလုပ်ငန်း၌ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ယခုလမ်းမတော်မြို့ နယ်ရှိအစိုးရအထက်တန်းကျောင်း အမှတ်(၁) ဟု ထင်ရှား တည်ရှိသော စိန်ဂျွန်းအထက်တန်းကျောင်းသည် ဆရာမှတ်ကြီးတည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ ယခင်ကယင်းကျောင်းကို စိန်ဂျွန်းကောလိပ်ဟု အမည်မှည့်ခေါ်ထားသော်လည်း ဆရာမှတ်ကျောင်းဟူ၍သာ လူသိများခဲ့လေသည်။
၁၈၇၉ ခုနှစ် ဂိုဏ်းချုပ်တိတ်က ဆရာမှတ်ကို အယူဝါဒပညာရပ်ဆိုင်ရာပါရဂူဘွဲ့ (Doctor of Divinity) ချီးမြှင့်ခဲ့သည်။
ဆရာမှတ်သည် ပညာရေးဘက်၌ ဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း၊ သာသနာရေးဘက်၌ဆောင်ရွက်ချက် ကြောင့် သော်လည်းကောင်း ထင်ရှားသည်ထက် အပေါင်းအသင်းဝင်ဆန့်သည့်အချက်ကြောင့် ပို၍ ထင်ရှားသည်ဟု ဆိုနိုင်ပါသည်။ မန္တလေးမြို့၌ နေထိုင်စဉ်အခါကလည်းကောင်း၊ ရန်ကုန်မြို့၌ နေထိုင်စဉ်အခါကလည်းကောင်း၊ မိမိနေအိမ်သို့ လူမျိုးမရွေး၊ လူတန်းစားမရွေး ၀င်ထွက်ခွင့်ပြုထားလေသည်။ စိန်ဂျွန်းကျောင်းဝင်းအတွင်းရှိ နေအိမ်သို့ မဟာဝန်ရှင်တော် မင်းကြီးမှအစ စစ်ဘက်နယ်ဘက်အရာရှိများ၊ ကုန်သည်သူဋ္ဌေးများ၊ ရန်ကုန်မြို့ပေါ်ရှိ လူကုံထံများအမြဲဝင်ထွက်လျက် ရှိလေသည်။ ဆရာမှတ်၏ ခင်မင်တတ်သောစိတ်၊ ရက်ရောသော စေတနာ၊ ရွှင်ပြသောမျက်နှာထားတို့ကြောင့် လူမျိုးရေး၊ အယူဝါဒရေး၊ အဆင့်အတန်းကွာခြားရေးနှင့်ဆိုင်သော အတားအဆီးဟူသမျှတို့ ဖြိုဖျက်ခဲ့မှုကြောင့် ရောက်လေရာအရပ်တွင် အဆွေခင်ပွန်း ပေါများလေသည်။
ဆရာမှတ်သည် ဗြိတိသျှတို့ သိမ်းပိုက်ထားသော မြန်မာနယ်မြေကို အုပ်ချုပ်ရသည့် ပထမဆုံး မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာမှအစ နောင် အဆက်ဆက် အုပ်ချုပ်ရသူ မင်းပိုင်းစိုးပိုင်းတို့နှင့်လည်း ရင်းနှီးလေသည်။ အထူးသဖြင့် ဆာချားလ်ဗားနဒ်နှင့် ပို၍ ရင်းနှီးပုံရသည်။
တခါက စိန်ဂျွန်းကောလိပ်၌ ဖျားနာနေသော ဆရာမှတ်အား ဆာချားလ်ဗားနဒ်သည် ကိုယ်တိုင်လာရောက်ပြီးလျှင် အစိုးရအိမ်တော်ခေါ်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ဆရာမှတ်သည် ၁၈၆၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် မန္တလေးရတနာပုံရွှေမြို့တော်သို့ ရောက်ရှိခဲ့သည်။ ၁၈၆၉ မှ ၁၈၇၄ ခုနှစ်အထိ မန္တလေးရတနာပုံမြို့တော်၌ နေထိုင်စဉ်အတွင်း မင်းတုန်းမင်းတရားထံသို့ မကြာခဏ ၀င်ရောက်ခံစားခွင့်ရသည့်အပြင် ဘုရင့်ထံမှ အကူအညီအထောက်အပံ့ကိုလည်း ရရှိခဲ့လေသည်။ မင်းတုန်းမင်းတရားကြီးက ဆရာမှတ်အား စာသင်ကျောင်း၊ ဆရာများနေရန်နေအိမ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဆောက်အဦတို့အတွက် ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ မန္တလေးမြို့ သို့ မိမိထက် ဦးစွာရောက်နှင့်နေကြသော ရောမကက်သလစ်ဂိုဏ်း (R.C) မှ ဘုန်းတော်ကြီးသည်လည်းကောင်း၊ အာမီနီးယန်း ဂိုဏ်းအုပ်သည်လည်းကောင်း၊ ဘုရင်၏ အကူအညီအထောက်အပံ့ကို ခံယူရရှိလျက်ရှိလေသည်။ မင်းတုန်းမင်းကြီးသည် နေပြည်တော်တွင် ရေဖျန်းဂိုဏ်းအတွက် ဘုရားရှိခိုးကျောင်းတည်ဆောက်ရန်သော်လည်းကောင်း၊ ဆရာမှတ်အားခွင့်ပြုတော်မူ လေသည်။ ထို့အပြင် သီပေါမင်း မင်းသားအပါအ၀င် မင်းသားကိုးပါးနှင့်တကွ အခြားနန်းတွင်းသားတို့ကို ဆရာမှတ်ကြီး ကျောင်းသို့ ပို့၍ စာသင်ကြားစေသည်။
ဆရာမှတ်ကို သာသနာပြုဆရာတစ်ယောက်အဖြစ် မှတ်မိကြသည်ထက် ကျောင်းဆရာကြီးတစ်ယောက်အဖြစ် ပို၍ မှတ်မိကြသည်ဟု ဆိုနိုင်လေသည်။ ဆရာမှတ်သည် မော်လမြိုင်မြို့သို့ ကျောင်းဆရာအလုပ်ဖြင့်ပင် ရောက်ရှိလာခဲ့သည်။ ဆရာကြီး၏ အောင်မြင်မှုမှာ ပညာသင်ကြားရေးနည်းစနစ်၊ စည်းရုံးမှုနည်းစနစ် ကောင်းလှခြင်းကြောင့် ဟု ဆိုရမည်ထက် တပည့်အပေါင်းတို့ကို သားရင်းမြေးရင်းပမာ ချစ်ခင်၍ မိမိ၏ အချိန်၊ ငွေ၊ ကျန်းမာရေးတို့ကို တပည့်များ၏ အကျိုးအတွက် စွန့်နိုင်ခြင်းကြောင့်ဟု ဆိုရပေမည်။ မိမိ၏ တပည့်တစုံတယောက်ဖျားနာနေလျှင် မအိပ်မနေပြုစုစောင့်ရှောက်လေ့ရှိသည်။ ဆရာမှတ်သည် မြန်မာနိုင်ငံ၌ အက်စ်ပီဂျီသာသနာပြုကျောင်းများကို နိုင်ငံအနှံ့အပြားတည်ထောင်ဖွင့်လှစ်ခဲ့လေသည်။ ရန်ကုန်မြို့ရှိ စိန်ဂျွန်းကျောင်းမှာ အထင်ရှားဆုံးဖြစ်သည်။ စိန်ဂျွန်းကျောင်းကို ၁၈၆၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် “သည်ကော့တိတ်” ခေါ် အိမ်တစ်ဆောင်၌ စတင်ဖွင့်လှစ်ခဲ့လေသည်။ အိမ်ငှားခ တစ်လလျှင် ငွေကျပ် ၁၀၀ ပေးရသည်။ နေ့ကျောင်းသားများအပြင် ကျောင်းအိပ်ကျောင်းစားများကိုလည်း လက်ခံသင်ကြားပေးသည်။ ထိုအချိန်မှစ၍ ဆရာမှတ်ကျောင်း သည် ကြီးပွားတိုးတက်လာခဲ့သည်။ တပည့်ကျောင်းသားတို့ကလည်း ဆရာကြီး၏ ကျေးဇူးကို တုံ့ပြန်သည့်အနေဖြင့် ဆရာမှတ် ကျောင်းဆရာကြီးအလုပ်မှ အငြိမ်းစားယူသည့် ၁၈၉၈ ခုနှစ်တွင် “မတ်အထိမ်းအမှတ်ရန်ပုံငွေ” ကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထိုရန်ပုံငွေမှာ ဆရာမှတ်ကျောင်းထွက်ကျောင်းသားဟောင်းတို့က မိမိတို့ ဆရာကြီးအား ထောက်ပံ့ရန်ပင် ဖြစ်လေသည်။ ဆရာကြီး အနိစ္စရောက်ပြီးနောက်၌ပင် ထိုရန်ပုံငွေကို ရပ်ဆိုင်း၍ မထားဘဲ စိန်ဂျွန်းကျောင်းဝင်း၌ ဆရာမှတ်အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ဆောင် ဆောက်လုပ်ရန်နှင့် ဆင်းရဲနွမ်းပါးသော မြန်မာတိုင်းရင်းသားကျောင်းသားတို့အား ငွေကြေး ထောက်ပံ့ရန် ဆက်လက်ထားရှိခဲ့ကြလေသည်။ ဆရာကြီးသည် စိန်ဂျွန်းကောလိပ်အရံတပ်ဖွဲ့ကိုလည်း ဦးစီးတည်ထောင်ခဲ့သူ ဖြစ်သည်။
ဆရာမှတ်သည် မြန်မာပြည်၌ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့်အတွေ့အကြုံများကို မှတ်တမ်းတင်ထားသည့် “ဗမာပြည်ဝယ်နှစ်လေးဆယ်” Forty Years in Burma ဟူသော စာအုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ဦးလှဒင်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
အဆိုပါစာအုပ်၌ သီပေါမင်းသားသည် ငယ်စဉ်က အခြားမင်းညီမင်းသား သားတော်များနှင့်အတူ ဆရာမှတ်ကြီး၏ သံတဲကျောင်း၌ အင်္ဂလိပ်စာသင်ကြားခဲ့ပုံကို အောက်ပါအတိုင်း ရေးသားထားလေသည်။
“မန္တလေးက စာသင်ကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သော မင်းသားများအနက် မင်းသားတစ်ပါးအကြောင်း ကိုသာ ရွေး၍ ကျွန်ုပ်ယခုပြောပြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်လောက်တွင် ၎င်းမှာ မြန်မာ့ပြည့်ရှင် ဘုရင်အဖြစ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ပေ၏။ ၎င်းအမည်ကား သီပေါမင်းသားဖြစ်သည်။ သီပေါမင်းသားတို့ ကျောင်းမအပ်မီက ကျွန်ုပ်ကျောင်း၌ ကျောင်းသား ၂၅ ယောက်ရှိနှင့်နေပြီဖြစ်သည်။ သီပေါမင်းသား၏ ကျောင်းဝင်စာရင်းအမှတ်စဉ်မှာ ၂၇ ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် သူပညာသင်စဉ်အခါက သူသည် ငြိမ်ဆိတ်အေးဆေး၏။ မည်သူ့ကိုမျှ နှောင့်ယှက်ခြင်း၊ စခြင်း၊ ပြောင်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းမပြု။ သိလွယ်တတ်လွယ်ပြီး သူနှင့်အရွယ်တူ အခြားကလေးများထက်ပို၍ တော်သည်လည်း မဟုတ်၊ ညံ့သည်လည်းမဟုတ် ပုံမှန်ပင်ဖြစ်သည်။
သူသည် လူကြီးသူမများကို ရိုသေကိုင်းရှိုင်းတတ်သော နိဝါတတရားရှိသည်။ သပ်သပ်ရပ်ရပ်နေထိုင်တတ်၏။ ဆရာသမားများကိုလည်း ဒုက္ခပေးလေ့မရှိပါ။ ဆရာများက သူ့ကိုအခွင့်အရေးပိုပေးစေလိုဟန် မျှော်လင့်သော အရိပ်လက္ခဏာမျိုးကိုလည်း တစ်ကြိမ်တစ်ခါမျှပင် ဖော်ပြခြင်းမပြုပေ။ ထိုနည်းတူ ထီးနန်းဆက်ခံရလိမ့်မည်ဟူ၍လည်း မမျှော်လင့်ခဲ့ပေ။ တကယ်ပင် သူရှင်ဘုရင်ဖြစ်တော့မည်ဆိုသောအခါ၌ပင် သူ၏ စိတ်နေသဘောထားကို ထိုသို့မျှော်လင့် ချက်များက အပြောင်းအလဲလုပ်မှ လုပ်နိုင်ပါ့မလားဟု သံသယဖြစ်စရာရှိလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် သူသည်ကိုယ်နှုတ်နှလုံးစောင့်ထိန်း၍ အားကိုးတတ်သောပကတိသဘောရှိခြင်း၊ အကောင်းဆုံး ဖြစ်စေ အဆိုးဆုံးကိုဖြစ်စေ အလွယ်တကူ သြဇာညောင်းတတ်ခြင်းများ ရှိသောကြောင့်ဖြစ်သည်။ အကြောင်း မသင့်ချင် တော့ သူသည် ကျွန်ုပ်တို့နှင့် တာရှည်လေးမြင့်စွာ ပညာဆည်းပူးခွင့်မရခဲ့သည့်အတွက် သူ့အကျင့် စရိတ္တနှင့် စိတ်နေ သဘောထား တို့ကို ကောင်းမွန်တိုးတက်အောင် ပြုပြင်မပေးလိုက်ကြရပေ” ဟူ၍ ဖော်ပြထားလေသည်။
ဒေါက်တာမတ်၏ အင်္ဂလိပ်စာသင်ကျောင်း၌ သီပေါမင်းသားသည် အချိန်မည်မျှကြာအောင်နေခဲ့သည် ဟူ၍ကား အတိအကျမသိရပေ။ သို့သော် ကာလကတ္တား (ယခုကိုးလ်ကတ္တား) မြို့မှ ဂိုဏ်းအုပ်ကြီး “မီလ်မန်” နောက်ဆုံးရောက်ခဲ့ သည့် ၁၈၇၃ ခုနှစ်နောက်ပိုင်း မင်းသားများသည် နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း၊ ကျောင်းမတက်တော့ဟူ၍ ဒေါက်တာမတ်က သူ၏ မှတ်တမ်း၌ ဖော်ပြထားသည်။ ယင်းအဆိုအရ ၁၈၇၃ ခုနှစ်အထိ သီပေါမင်းသားသည် ကျောင်းတက်နေသေးသည်ဟုဆိုလျှင် သီပေါမင်းသား၏ အင်္ဂလိပ်ကျောင်း၌ နေသည့်အချိန်မှာ ၃ နှစ်ကျော် ၄ နှစ်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရပေမည်။
ဒေါက်တာမတ်သည် ၁၉၀၀ ပြည့်နှစ်တွင် သာသနာပြုလုပ်ငန်းအရပ်ရပ်မှ အနားယူပြီးနောက် ၁၅ နှစ်ကြာသော အခါ အင်္ဂလန်ပြည်၌ ကွယ်လွန်ခဲ့လေသည်။
Based on:
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) စာ ၄၂၂၊ ၄၂၅။
၂။ ဦးလှဒင် (မြန်မာပြန်) ဗမာပြည်ဝယ်နှစ်လေးဆယ်၊ The Couple စာအုပ်တိုက်၊ ဒုတိယအကြိမ် ၂၀၀၆။
၃။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယအတွဲ)၊ ပညာရွှေတောင်စာအုပ်တိုက်၊ ၂၀၁၀။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)